Sunday 7 October 2012

တာချီလိတ်လူငယ်များအဖွဲ့ရဲ့ ကျောက်လှိုင်ဂူသို့ အလှူတစ်ခေါက်

၂၀၁၂ခုနှစ် အောက်တိုဘာ(၇)ရက် တနင်္ဂနွေမှာ တာချီလိတ်လူငယ်များအဖွဲ့မှ သူငယ်ချင်းများနဲ့စုပေါင်း၍ တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု ကျောက်လှိုင်ဂူကျေးရွာသို့ သွားရောက်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ( ကျောက်လှိုင်ဂူသာသနာပြုဌာန)ရှိ ကျောင်းနေရွယ်ကလေးသူငယ်များ၊ ရွာသူရွာသားများ၊ ကလေးသူငယ်များ စသည်တို့ကို ကျောင်းသုံးစာရေးကိရိယာများ၊ အ၀တ်အစားများ နဲ့ မုန့်များ သွားရောက် လှူဒါန်းခဲ့ကြပါသည်။


မိုင်းဟဲကျေးရွာအုပ်စု ကျောက်လှိုင်ဂူကျေးရွာလေးကို လွယ်စတုံ ဘက်ကနေသွားရတာဖြစ်ပြီး အာခါရွာ၊ လားဟူရွာများဖြစ်တဲ့ ယန်းခေါင်၊ ပန်စလိ၊ ပန်ကူအထက်ရွာ/အောက်ရွာ၊ စတဲ့ ရွာ ၆ရွာ ၇ရွာလောက်  ဖြတ်သန်းခဲ့ရပါသည်။ လမ်းခရီးရဲ့ ကြာမြင့်ချိန်မှာတော့ (၄၅)မိနစ်ခန့်ကြာပါသည်။


ကျောက်လှိုင်ဂူရွာ ကို ၀င်ရောက်ဖို့ ဖြတ်သန်းရတဲ့ ချောင်းမှာ မိုးများရွာသွန်းထားခြင်းဖြစ်တာကြောင့် ရေအနည်းအငယ်တက်နေရာ ကားများဖြတ်သန်းသွားလာလို့ မရဖြစ်နေပါသည်။ ( ညနေပိုင်းမှာတော့ ရေပြန်ကျသည်ကို တွေ့ရပါတယ်) အဲ့ဒီတော့ ကားကို ချောင်းဘေးမှာ ထားခဲ့ကြပြီး လှူဖွယ်ပစ္စည်းများကို ချောင်းမှ တိုက်ရိုက်ဖြစ်စေ၊ ဖောင်ဖြင့် ဖြစ်စေ ကူးပြီး သယ်ဆောင်ခဲ့ကြသည်။


တစ်ဖက်ကမ်းသို့ ရောက်လာခဲ့ပြီးနောက် ပထမဦးစွာ ကျောက်လိုဏ်ဂူသို့ သွားရောက် လှူဒါန်းမှုများပြုလုပ်ရာမှာ အဖွဲ့ဝင်များနဲ့ သူငယ်ချင်းများ စုစုပေါင်း (၃၂)ယောက် ဖြစ်ပြီး ပထမဆုံးအဖြစ် ကျောက်လိုဏ်ဂူ ဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားအား လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှုအပြီးမှာတော့ ကျောက်လှိုင်ဂူအတွင်း ၀င်ရောက်ခဲ့ကြပါသည်။



ဆက်လက်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ( ကျောက်လိုဏ်ဂူသာသနာပြုဌာန)ကို သွားရောက်ခဲ့ကြပြီး ကျောင်းနေရွယ်ကလေးသူငယ်များ၊ ရွာသူရွာသားများကို စာရေးကိရိယာများ အ၀တ်အစားများ နဲ့ မုန့်များပေးဝေလှူဒါန်းခဲ့ကြပါသည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ( ကျောက်လိုဏ်ဂူသာသနာပြုဌာန)ရှိ ဆရာတော်၏ ဆုံးမသြ၀ါဒကြောင့် လားဟူတိုင်းရင်းသားများ နေထိုင်ကြတဲ့ ကျောက်လှိုင်ဂူ တစ်ရွာလုံးဟာ ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းလာတယ်လို့ သိရပါတယ်။

တာချီလိတ်လူငယ်များအဖွဲ့မှ လှူဒါန်းမှုများအပြီးတွင် ၀ါးဖောင်ဖြင့် ဟိုဖက်ကမ်းမှ ဒီဖက်ကမ်းသို့ ကူးသန်းသွားလာနေသည့် နေရာတွင် အဖွဲ့မှ အဆင်သင့်ချက်ပြုတ်လာသော စားစရာများကို စားသောက်ခဲ့ကြပြီး ချောင်းရေချိုး၍ ပြန်ခဲ့ကြပါတော့သည်။



ယခု ပြုလုပ်ခဲ့သော လှူဒါန်းမှုတို့သည် တာချီလိတ်လူငယ်များအဖွဲ့ နှင့် သူငယ်ချင်းများမှာ လူငယ်များဖြစ်ကြတာကြောင့် စိတ်တူကိုယ်တူဖြစ်ကြကာ ပျော်စရာကောင်းပြီး ကုသိုလ်လည်းရ ပီတိလည်းရ လို့ ပြောရမဲ့ လှူဒါန်းမှု တစ်ခုဖြစ်စေခဲ့ပါသည်။


 ပုံများကြည့်ရန်

တာချီလိတ်လူငယ်များအဖွဲ့

0 comments:

Post a Comment